Tuesday, December 18, 2012

အတ္တများမှ ထိုးဖောက်ခြင်း (သို့)ထိုးဖောက်သူများ နှင့် ဝေဖန်သုံးသပ်ရေးဆိုင်ရာ။

ဒီနေ့ အွန်လိုင်း စာမျက်နှာတွေ ပေါ် မှာ ဘာသာရှိသူ-ဘာသာရေးကိုင်းရှိုင်း
သူ(Religionist) အများစု နဲ့ ဘာသာမဲ့သူ (Irreligionist) တစ်ချို့ ရဲ့ စကားစစ်ထိုးပွဲ တွေ ကို ဟိုနေရာ ဒီနေရာ မှာ တွေ လာရပါတယ်။ အဆင့်မြင့်မြင့် ဆွေးနွေး ငြင်းခုံကြတာတွေ ရှိတတ်သလို ငါ့စကားနွားရ တင်စီးပြောဆိုတတ်ကြတာ တွေ လဲ တွေ့ရပါတယ်။ အကျိုးမများတဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ အထိတောင်ပြင်းထန် လာနေတာတွေ တွေ့ ရပါတယ်။ ဆွေးနွေးသူတွေက လူငယ်လူရွယ်တွေ ဖြစ်လို့ တက်တက်ကြွကြွဆွေးနွေးကြတဲ့ သဘောလဲရှိပါတယ်။



ဘာသာစွဲသန်သူတွေ အနေ နဲ့ ကတော့ အထိတ်တလန့် နဲ့ ဘာသာရေးမှာ ရန်စွယ်တွေ ၀ိုင်းနေပြီ။ ခေတ်ကာလကြီး က ပျက်စီးယိုယွင်းလို့ မိစ္ဆာဝါဒ အမှောင်တွေ ကြီးစိုးလာတော့မယ် အရိပ်အယောင်တွေ ပေါ်နေပြီ။ မိမိတို့ ဘာသာတရား ကို ပိုမို ခိုင်ခံ့ အောင် နည်းမျိုးစုံနဲ့ ကြိုးစားကြမှ ဖြစ်တော့မယ်။ မိစ္ဆာဝါဒီ တွေ ကို အပြုတ်တိုက် မှ ပဲ ဖြစ်မယ် လို့ မြင်လာ ကြပါ တယ်။ မြင်တဲ့အတိုင်း ခံတပ်တွေဆောက် လက်နက်တွေစုဆောင်း တာတွေလဲ လုပ်လာကြပါတယ်။ မိမိတို့ယုံကြည်သက်ဝင် တဲ့ ဘာသာတရားဟာ လောကမှာ ရှိရှိသမျှ ဘာသာတရားတွေ အားလုံးထဲမှာ အကောင်းဆုံး အမြတ်ဆုံး တန်ဖိုးအရှိဆုံး အမှန်တရားစစ်စစ်ကြီးပဲ ဖြစ်တယ် လို့ မြင်ကြတာ ကြောင့် မိမိ ဘာသာတရား အတွက်ဆို ရင် ဘာပဲ လုပ်ရလုပ်ရ လုပ်နိုင် တယ် လုပ်မှာပဲ ဆိုတဲ့ အစွန်းရောက် အမြင် ရှိသူတွေတောင် ပေါ်ပေါက်လာတာတွေ့ရပါတယ်။



ဘာသာမဲ့သူ တွေ က တော့ ခေတ်ပညာရေးစံနစ် ရဲ့ ဝေဖန်ဆန်းစစ်တွေးခေါ်မှုတွေ နဲ့ သိပ္ပံပညာကို နှစ်သက်တဲ့ လူငယ် တွေ ဖြစ်ကြတာ များတယ်။ အစဉ်အလာ ဘာသာတရားတွေ ကို စိတ်ပျက်နေတဲ့ လူကြီး အချို့လဲပါ တာ တွေ့ရ ပါတယ်။ သူတို့ ဘာသာမဲ့ အဖြစ်ကို ခံယူခဲ့ကြတာ အကြောင်းနောက်ခံ အမျိုးမျိုး ဖြစ်နိုင်တယ်။ တစ်ချို့ ကတော့ ဘာသာရေး အစဉ်အလာနဲ့ ဝေးတဲ့ မိသားစု ပတ်ဝန်းကျင် မှာကြီးပြင်းခဲ့ရတာ ဖြစ်နိုင်တယ်။ တစ်ချို့ကတော့ ဘာသာရေးဆိုင်ရာ အရေးအသားတွေ ကို သံသယ နဲ့ အဖြေရှာရင်း နောက်ဆုံး ကျေနပ်လောက်တဲ့ အဖြေမတွေ့လို့ ဘာသာမဲ့ဖြစ်သွားမှာ လဲ ဖြစ်နိုင် ပါတယ်။ တစ်ချို့ကျတော့လဲ ဘာသာရေးအင်စတီကျူးရှင်းတွေ ရဲ့ ထိန်းချုပ်ကွပ်ညှပ်ချက်တွေ ကို မနှစ်သက်လို့ လဲ ဖြစ်နိုင်ပါတယ်။



ဘယ်လိုနည်းနဲ့ပဲ ဘာသာမဲ့ ဖြစ်ခဲဖြစ်ခဲ့ ဘာသာမဲ့သူ အဖြစ်နဲ့ ရပ်တည်ရတာဟာ လွယ်ကူတဲ့ အလုပ်မဟုတ်ပါဘူး။ လောကဓမ်တရားတွေ ဘ၀ အလှည့်ပြောင်းတွေမှာ ကိုယ် မနှစ်သက်တာတွေ ကြုံတွေ့ရတဲ့ အခါ ဘာသာရှိသူတွေလို ဖြေသိမ့်စရာ အဆင်သင့်မရှိလို့ပါပဲ။ ဘ၀ ရဲ့ ဒုက္ခတရားတွေ ကို အကာအကွယ်မဲ့ ရင်ဆိုင်ရပါတယ်။ ထီး ဖိနပ် ဦးထုပ် စတာတွေ မပါပဲ နေပူကျဲကျဲ ခရီး ကို သွားရသလိုပါပဲ။ နောက်တစ်ချက် ကတော့ ဘာသာမဲ့သူတွေ ဟာ ဘာသာရှိသူ လူများစုကြားထဲမှာ နေထိုင်လှုပ်ရှားရတဲ့ အခါ အမြဲပဲ အထင်မြင်သေးခံရတယ် ခွဲခြားဆက်ဆံခံရတယ်။ တစ်ဆင့်နိမ့်နေတဲ့ လူသားလို အဆက်ဆံခံရတယ်။ ဒီထက်ဆိုးတဲ့ လူအန္ဓလူဗာလ မိစ္ဆာဒိဋ္ဌိ အယူမှားသူတိတ္ထိ စတာတွေ နဲ့ ကင်ပွန်းတပ်ခံ ရတတ်ပါတယ်။ ဒါတွေ အားလုံးကို ကြံ့ကြံ့ခံရပ်တည်လို့ ဘာသာမဲ့အနေနဲ့ လူသိရှင်ကြားကြေညာပြီးနေထိုင်ဖို့ ဆိုတာ အတော် ခက်ခဲတဲ့ ဘ၀ပဲ ဖြစ်ပါတယ်။



ဘာသာမဲ့သူတွေရဲ့အမြင် က တော့ ဒီနေ့ခေတ် အွန်လိုင်းစာမျက်နှာတွေ ပေါ်ပေါက်လာတာဟာ ဘာသာမဲ့တွေအတွက် မိမိ တို့ ရဲ့ ကိုယ်ပိုင် ဘာသာရေးသဘောထား အမြင်တွေ ကို ပွင့်ပွင့်လင်းလင်း လွတ်လွတ် လပ်လပ် ဖေါ်ထုတ်ခွင့် ရရှိလာ လို့ ကျေနပ်နှစ်သက်နေ ပုံပါပဲ။ ရာစု နှစ်ပေါင်းများစွာ မျိုးဆက်ပေါင်း များစွာ ဘာသာရေး ဟာ နိုင်ငံရေးအာဏာအမာ တွေ ရဲ့ ထောက်ပံ့မှု ကို ရခဲ့တယ်။ ဘာသာရေး အမြင်မတူသူတွေ ကို တောင် ရက်ရက်စက်စက် နှိပ်ကွက်ခဲ့တယ်။ ဘာသာမဲ့ ခြင်းဆိုတာ က တော့ လေစတောင်မသုတ် နိုင်ခဲ့တဲ့ အနေအထားပါပဲ။ ဘာသာရှိသူတွေ ဟာ အခြားသော ဘာသာခြားများ ကိုပင် လေးလေးစားစား ဆက်ဆံနိုင်ကြပေမဲ့ မိမိ ဘာသာဝင်အဖြစ်ကနေ စွန့်ခွာပြီး ဘာသာမဲ့ဖြစ်သွားကြသူတွေ ကို မေတ္တာမထားတတ်ကြပါဘူး။



ဘာသာရှိသူ အချင်းချင်း ရဲ့ ပဋိပက္ခ

မြန်မာ အွန်လိုင်းစာမျက်နှာတွေပေါ် ကို ဘာသာရှိသူတွေ ရောက်လာတာက စောပါတယ်။ ဆိုင်ရာဘာသာရေး အယူအဆ အတွေးအမြင်တွေ ကျင့်စဉ်တွေ ဝေမျှ ဖို့ အတွက် ဆိုက် တွေ အမျိုးမျိုးထောင်ကြတယ်။ အွန်လိုင်းတက်သူအများစု ကလဲ ဘာသာရှိတွေ ဖြစ်တဲ့ အပြင် ဒီ အထဲက အများစု ကလဲ ဘာသာတူ သူတွေ ဖြစ်ကြပါတယ်။ ဒါတောင်မှ ဒီ အခြေအနေမှာ ဘာသာရေး ငြင်းခုံ မှု တွေ ရှိခဲ့ ပါတယ်။



မြန်မာ အွန်လိုင်းစာမျက်နှာတွေပေါ်က ဘာသာရှိသူတွေ မှာ ဖန်ဆင်းရှင်ဘုရားသခင်ကို ယုံကြည်သူတွေ နဲ့ မယုံကြည်သူ တွေ ဆို ပြီး နှစ်စုကွဲပြားနေပါတယ်။ မြန်မာနိုင်ငံ နဲ့ မြန်မာစကားပြောသူတွေ ထဲ မှာ တော့ ဖန်ဆင်းရှင် ဘုရားသခင်ကို ယုံကြည်သူတွေက လူနည်းစုဖြစ်ပါတယ်။ မယုံကြည်သူတွေက လူများစုဖြစ်တယ်။ မြန်မာနိုင်ငံရဲ့သမိုင်းကြောင်း ဖြစ်ထွန်းမှု အရလဲ ဖန်ဆင်းရှင်ဘုရားသခင်ကို ယုံကြည်သူတွေ ရဲ့ ဘာသာတရားတွေဟာ မြန်မာ့မြေပေါ်ကိုနောက်ကျပြီးရောက် လာ ကြတဲ့ ဧည့်သည်ဘာသာတရားတွေလို ဖြစ်နေပါတယ်။ရိုးရိုးဧည့်သည်မဟုတ်ပဲ မြန်မာပြည်ကိုကျွန်ပြုခဲ့တဲ့ ကိုလိုနီစံနစ် နဲ့ အတူ ရောက်ရှိ ကြီးထွားလာတဲ့ ဧည့်သည်ဘာသာတရားတွေလဲ ဖြစ်တာကြောင့် ဒေသခံဋ္ဌာနေအိမ်ရှင်ဘာသာ တရား နဲ့ အစဉ်အမြဲ သိမ်မွေ့စွာ ပဋိပက္ခ ဖြစ်နေခဲ့ပါတယ်။



ဒီလို ဘာသာရေး ပဋိပက္ခ အမြင်တွေ ဟာ ရာစုနှစ်ချီ ရှိနေတာ ကြောင့် မြန်မာမျိုးဆက်များစွာ ရဲ့ စိတ်နှလုံးထဲ ကိန်းနေပါ တယ်။ အွန်လိုင်းစာမျက်နှာ တွေ ပေါ်မှာ လဲ ဒီ ဘာသာရေး ပဋိပက္ခ အမြင်တွေ ခေါင်းထောင်လာတာကို တွေ့ရပြန်တယ်။ ဘာသာရေး အစဉ်အလာတစ်ခု အင်စတီကျူးရှင်း တစ်ခု ဟာ မိမိ ရပ်တည်ချက် နဲ့ စည်းရုံးရေးခိုင်မာဖို့ အတွက် ပြင်ပ ရန် တစ်ခုခု ဒါမှမဟုတ် အတွင်းရန် တွေ ကို ဘာသာဝင်တွေ မြင် အောင်ပြတတ်ကြပါတယ်။ ဒီ လို အပြင်ရန် အတွင်းရန် တွေ နဲ့ တင်းမာတဲ့ ပဋိပက္ခ တရားတွေ ကြောင့် မိမိဘာသာတရားကို ချစ်ကြရမယ် ကာကွယ်စောင့်ရှောက်ကြရမယ် ၀ိုင်းဝန်း ချီးမြောက်ကြရမယ် ဆိုတဲ့ ခံစားမှု မျိုး ဘာသာဝင်တွေ စိတ်ထဲ မှာ မွေးမြူလာ နိုင်အောင်ပဲ ဖြစ်ပါတယ်။



ဒီ အမြင်တွေ ကိန်းနေ တဲ့ အခါ မိမိ ဘာသာတရား ကို သီးခြားတင်ပြတာ မျိုးတွေရှိသလို ဆန့်ကျင်ဖက်ဘာသာတရား တွေ ကို နှိပ်ကွပ်ပြီးမှ တင်ပြတာမျိုးတွေလဲ ရှိတာကို တွေ့ ရပါတယ်။ အဲဒီအခါမှာ အွန်လိုင်းပေါ်ရောက်နေတဲ့ ဆန့်ကျင်ဖက် ဘာသာတရားတွေ က ဘာသာရှိသူ အချို့ နဲ့ ထိတွေ့မှုတွေ ဖြစ်ပွား လေ့ ရှိတာ ကို တွေ့ ရတယ်။



ဘာသာရှိသူတွေ အချင်းချင်း ငြင်းခုန် နေကြရတာ ဟာ သူတို့အားလုံး တူညီစွာ ကိုင်စွဲထားတဲ့ မိမိဘာသာတရားသာ အမှန်ဆုံးအမြင် (Religious Dogmatism/ Exclusivism) ကြောင့်ပဲ ဖြစ်ပါတယ်။ မိမိ ကိုးကွယ်တဲ့ ဘုရား က သာ ဘုရား အစစ် ဖြစ်တယ် ကျန်ဘာသာတရားတွေ ရဲ့ ဘုရားတွေ က စိတ်ကူးယဉ်ဘုရားတွေ သာဖြစ်တယ် လို့ ယုံကြည်ကြ တယ်။ ဒီအမြင်ဟာ ဘာသာရှိသူတွေက ထွင်ထားတဲ့ အမြင်မဟုတ်ပဲ ဘာသာတရားတွေ ရဲ့ အတွင်းသဏ္ဍာန်မှာကို တည်ရှိနေတဲ့ အမြင်ဖြစ်ပါတယ်။ နောက်ဆက်တွဲ အနေနဲ့ မိမိတို့ ရဲ့ ဘာသာရေး ကျမ်းစာကသာ အမှန်တရား ကို ဖေါ်ပြနိုင်တယ် ပန်းတိုင် အမှန်ကိုရောက်အောင်လမ်းပြနိုင်တယ် ကျန်ဘာသာတရားတွေ ရဲ့ ဘာသာရေး ကျမ်းစာတွေက အတုအယောင် လမ်းအမှား တွေဖြစ်လို့ ပန်းတိုင် အမှန်ကို ရောက်အောင်လဲ လမ်းပြ မပေးနိုင်ကြဘူး လို့ မြင်တယ်။ ဒီတော့ မိမိ ဟာ မိမိ ကိုးကွယ် နေတဲ့ ဘာသာတရား ကို ရရှိတာ အရတော်လေစွ လူဖြစ်ရကျိုး နပ်လေစွ လို့ လဲထင်ကြတယ်။ကိုယ်နဲ့မတူရင် အမှားတွေ တန်ဖိုးမဲ့ တွေ လို့ လဲ မြင်ကြတယ်။ ဒီနည်းနဲ့ အမြင်မတူကြသော ဘာသာရှိသူတွေ ဟာ ပဋိပက္ခတွေ ဖြစ်ကုန် ကြတာပါပဲ။





ဘာသာမဲ့သူတို့အကြောင်း

ဒီလို ဘာသာရှိသူတွေ ရဲ့ ငြင်းခုန်ပွဲထဲ ကို နောက်ထပ် ဆွေးနွေးသူ အမျိုးအစားသစ် တစ်မျိုး ၀င်ရောက် လာခဲ့ ပါတယ်။ သူတို့ က တော့ ဘာသာမဲ့ လို့ မိမိ ကိုယ်ကို ခံယူထားကြ သူ တွေ ပါ။ သူတို့ လူစုကတော့ လူအရေ အတွက်နည်းပေမဲ့ တော်တော်လေး ပြင်းပြင်း ထန်ထန် ဝေဖန်ဆွေးနွေးနိုင်သူတွေ လဲ ဖြစ်တယ်။ သမိုင်း ပညာ ဒဿနပညာ နဲ့ သိပ္ပံပညာ ရှုဒေါင့်တွေ က နေပြီး ဘာသာတရား တွေ ကို ထိုးနှက်ဝေဖန် မှုတွေ ပြု ကြတယ်။ ဆန်းစစ်ချက်တွေ ထုတ်ကြတယ်။ ရဲတင်းထက်မြက်တဲ့ လူငယ်တွေပါပဲ။ ဒီ အခါ မှာ ဆွေးနွေး ငြင်းခုံ မှု တွေ က သုံးပွင့်ဆိုင်လို ဖြစ်ပြီးတော့ ပို လို့ အသက် ၀င်လှုပ်ရှားလာ ပါတော့တယ်။



မြန်မာနိုင်ငံ မှာ ဘာသာမဲ့ လို့ ဆိုလိုက် ရင် ကွန်မြူနစ်ဝါဒီ ဒါမှမဟုတ် ဖြစ်တည်မှုပဓါန၀ါဒီ စတဲ့ အမည်တွေ ပဲ တတ်ကြ တယ်။ တကယ်တော့ ကွန်မြူနစ်ဝါဒီ ဖြစ်တည်မှုပဓါန၀ါဒီ တွေ ဟာ ဘာသာမဲ့တွေ လို့ ပြောနိုင်သော်လဲ ဘာသာမဲ့ သူ တိုင်းဟာ ကွန်မြူနစ်ဝါဒီ ဖြစ်တည်မှုပဓါန၀ါဒီ တွေ တော့ မဟုတ်ကြပါဘူး။ ဘာသာမဲ့ တဲ့ ပုံစံ အမျိုးမျိုး ရှိနေလို့ ပါပဲ။ လောကီယ၀ါဒ (Secularism) ဟာလဲ ဘာသာမဲ့ အတွေး အခေါ်တစ်မျိုးပါပဲ။



ဘာသာမဲ့တွေ ရဲ့ အခြေခံတူညီတဲ့ အတွေးအမြင်တွေ ကို အနှစ်ချုပ်လိုက် ရင် အောက်ပါ အတိုင်းတွေ့ ရပါတယ်။



(၁) ဘာသာတရားတွေ ဘာသာရေး အင်စတီကျူးရှင်တွေ ရဲ့ အမိန့်အာဏာ မှန်သမျှကို ငြင်းပယ်တယ်။



(၂) ဘာသာတရားတွေ က လက်ခံထားတဲ့ ဓမ္မကျမ်းစာတွေ ရဲ့ အကြွင်းမဲ့ မှန်ကန်မှု ကို ငြင်းပယ်တယ်။



(၃) ဒီ လောက အပြင် အခြားသော နာမ်ဝိညာဉ်ပိုင်းဆိုင်ရာ ပမာဏ (Transcendental/Spiritual Dimension) ရဲ့ မှန်ကန်မှု ကို ငြင်းပယ်တယ်။



(၄) လူသား နဲ့ ပတ်ဝန်းကျင်သဘာဝလောကကြီး တစ်ခုလုံး ရဲ့ ဖြစ်ရပ်တွေကို သဘာဝအခြေပြုနည်း (Naturalistic Explanation) နဲ့ ရှင်းပြနိုင်တယ်လို့ခံယူတယ်။ ဘုရားသခင် တန်ခိုးတော် ကမ္မသတ္တိ စတာတွေ လက်မခံ ပါဘူး။ လူသား ရဲ့ ပြဿနာတွေ ကို လူသားရဲ့ ပကတိ ဥာဏ် သက်သက် နဲ့ ဖြေရှင်းနိုင်တယ်လို့ မြင်ပါတယ်။

(၅) လူသား ရဲ့ သဘာဝ ကို ဘာသာရေးနည်း သုံးပြီး တစ်မျိုးတစ်ဖုံ ဖြစ်အောင် ပြောင်းလဲပစ်တာ ကို ငြင်းပယ်တယ်။



(၆) လက်တွေ့လေ့လာ စမ်းသပ်မှု နဲ့ ယုတ္တိနည်းကျ ဆင်ခြင်မှု သက်သက် နဲ့ ပဲ အမှန်တရားတွေ ကို ရှာဖွေတယ်။ ကျမ်းဂန်အကိုးအကား နဲ့ ယုံကြည်သက်ဝင်မှု ကို လက်မခံ ပါဘူး။



(၇) မွေးဖွားချိန် မှ သေဆုံးချိန် အထိ ကာလ ကို ပဲ လူသားအတွက် အရေးပါတဲ့ ဘ၀ အဖြစ်ခံယူတယ်။ ဒါပေမဲ့ မျိုးဆက် အလိုက် လူ့ အသိပညာတွေ ရွေ့လျှားစီးဆင်းပြီး တော့ အသိဥာဏ်တရား ရဲ့ ဆင့်ကဲတိုးတက်မှု ကို လက်ခံတယ်။



(၈)ဘာသာတရားတွေ ရဲ့ သဘာဝလွန် ဖြစ်ရပ်တွေ အလွန်အကဲတန်ခိုးသတ္တိတွေ ကို ဒဏ္ဍာရီဘာသာစကား အဖြစ်ပဲ မြင်တယ်။



(၉) လူ့ဘ၀ ရဲ့ အနက်အဓိပ္ပါယ် နဲ့ ပန်းတိုင် ကို လက်ရှိပစ္စုပ္ပန်ဘ၀ ရဲ့ အကန့်အသတ်ဘောင်ထဲ မှာ ပဲ မိမိ ရဲ့ ကိုယ်ပိုင် ရွေးချယ်မှု နဲ့ရှာဖွေ ရမယ်လို့ မြင်ပါတယ်။



(၁၀) ဘာသာတရားတွေ ဟာ ခေတ်ဟောင်းကာလ လူ့ယဉ်ကျေးမှု ရဲ့ အကြွင်းအကျန်တွေ လို့ မြင်တယ်။ ဘာသာတရား တွေ ရဲ့ နေရာ ကို သိပ္ပံပညာ ဒဿနပညာ နဲ့ အခြားလူမှုသိပ္ပံပညာရပ်တွေ က အစားထိုး နေရာယူလာကြလိမ့်မယ်လို့ မြင်ပါတယ်။



ဘာသာမဲ့ တစ်ဦးချင်း စီ က ဒီ အချက် (၁၀) ချက် စလုံး ကို အတိအကျ လက်ခံ ချင်မှ လက်ခံ မှာ ဖြစ်ပေမဲ့ ဒီ အချက်တွေ ဟာ ဘာသာမဲ့တွေ အတွက် ယေဘုယျအား ဖြင့် လက်ခံနိုင်တဲ့ ရပ်တည်ချက်တွေ ပါပဲ။



ဘာသာမဲ့ခြင်း အပေါ် ဘာသာရှိသူတို့ ရဲ့ဝေဖန်ချက်

ဘာသာရှိတွေ နဲ့ ဘာသာမဲ့တွေ ဘယ်လိုငြင်းခုံကြသလဲ။ မိမိ ကောင်းကွက်ကို ပြပြီး ဆန့်ကျင်ဖက်အယူအဆ ရဲ့ ဆိုးကွက် တွေ ကို ပြတာ ပါပဲ။ ဘာသာရှိတွေအမြင်မှာ ဘာသာတရားရှိခြင်းဟာ လူသား ဖြစ်ခြင်းရဲ့တန်ဖိုး ဖြစ်တယ်။ လူ နဲ့လူ မဟုတ် သော တိရစ္ဆာန် တွေ ကို ခြား ထားတဲ့ စည်းလည်း ဖြစ်တယ်။ ဘာသာတရား ဟာ ယဉ်ကျေးမှု ရဲ့ အခြေခံ အုတ်မြစ် ဖြစ်တာ ကြောင့် ဘာသာမဲ့ခြင်း ဟာ ယဉ်ကျေးမှု မဲ့ခြင်းဆီ ကို ဦးတည်နေတယ်။ ယဉ်ကျေးမှုမဲ့ရင် ကိုယ်ကျင့် တရား နှုန်းစံတွေပါ ကင်းမဲ့လာလို့ လောကရဲ့ငြိမ်းချမ်းရေးကို ပျက်စီးစေလိမ့်မယ်။ (၂၀)ရာစုကမ္ဘာသမိုင်းမှာ ဘာသာမဲ့ အာဏာရှင် တွေ အုပ်ချုပ်တဲ့ တိုင်းပြည်တွေမှာ လူ့အသက်ပေါင်းများစွာ စတေးခဲ့ကြရတာကိုလဲ ထောက်ပြကြတယ်။ ဒါကြောင့် ဘာသာရှိခြင်း ဟာ ဘာသာမဲ့ခြင်းထက် စာရင် ပို ကောင်းတယ်လို့ မြင်ပါတယ်။



နောက်တစ်ချက်က ဘာသာရှိခြင်းအားဖြင့် လူမှုရေးအစေးကပ်ခြင်း (Social Cohesiveness) ကို ရစေတယ်။ ယုံကြည်မှု ကျင့်သုံးမှုတွေတူတဲ့ အခါ အတွင်းပဋိပက္ခနည်းတယ် ဒီတော့ ပိုပြီးစည်းလုံးညီညွတ်မှုကို ရတယ်။ နိုင်ငံ လူမျိုး အနေနဲ့ သီးခြားရပ်တည်တဲ့ အခါ ဘာသာရေးယုံကြည်ချက် ကို အခြေခံ ရင် အားကောင်းခိုင်မာတဲ့ လူ့အဖွဲ့အစည်း တစ်ခု ဖြစ်နိုင် တယ်။ ဘာသာမဲ့တွေ ဖြစ်နေရင် ၀ါးအစည်းပြေ သလို ဖြစ်ပြီး စည်းလုံးညီညွတ်မှု မရနိုင်တော့ အားနည်းချိနဲ့တဲ့ လူ့အဖွဲ့ အစည်း တစ်ခု ဖြစ် သွား နိုင်တယ်။



နောက်ဆုံးတစ်ချက် ကတော့ ဘာသာရှိခြင်းအားဖြင့် ဘာသာရေးကိုင်းရှိုင်းသူ လူသားဟာ လောကဓမ်တွေကို ပိုလို့ ခံနိုင် ရည်ရှိတယ်။ စိတ်ကျရောဂါဖြစ်ပွားနှုန်း နဲ့ ကိုယ့်ကိုယ်ကိုသတ်သေမှုတွေဟာ ဘာသာမဲ့ အချိုးအစားများတဲ့ လူ့အဖွဲ့ အစည်း တွေ မှာ ဖြစ်တာ ကို ကြည့်ခြင်းအားဖြင့် ဘာသာရေးယုံကြည်မှု နဲ့ စိတ်ကျန်းမာရေး ဆက်စပ်နေတာ ကို တွေ့နိုင် တယ်လို့ ဆိုပါတယ်။ ဘာသာရေးယုံကြည်မှု ရှိသူ ဟာ ဘာသာရေးဆိုင်ရာ ကျင့်စဉ်တွေနဲ့ မိမိ ရဲ့အတွင်းအဇ္ဈတ္တ

စိတ်ငြိမ်းချမ်းမှု ကို တည်ဆောက်နိုင်ပြီး ပိုပြီး ပြေလွင်ညီညွတ်လှပတဲ့ ဘ၀ ကို ရနိုင်တယ်လို့ဆိုပါတယ်။ သဘာဝ အရိုင်း စိတ်တွေ ကို ဘာသာရေးအဆုံးအမတွေ နဲ့ ချွန်းအုပ် နိုင်လို့ ပိုပြီး ကောင်းမြတ်တဲ့ ဘ၀ ကို ရရှိနိုင်တယ် လို့ ဆိုပါ တယ်။ ဘာသာရေး က ပေးတဲ့ လောက အမြင်နဲ့ မိမိဘ၀ကို လျှောက်လှမ်းတဲ့ အခါ ဘ၀ရဲ့ အချိုးအကွေ့တွေတိုင်းမှာ ရွေးချယ် ဆုံးဖြတ်ရတဲ့ အခါမှာ လဲ ဝေေ၀၀ါးဝါး မဖြစ်ပဲ ဆိုင်ရာဘာသာရေးတန်ဖိုးတွေ နဲ့ လမ်းညွှန်ချက်တွေ ကို လိုက်နာပြီး အစီအစဉ်ကျတဲ့ ရှေ့နောက်ညီညွတ်တဲ့ ဘ၀ ကို ရရှိနိုင်တယ်လို့ လဲ မြင်ကြပါတယ်။



ဘာသာရှိခြင်း အပေါ် ဘာသာမဲ့သူတို့ ရဲ့ဝေဖန်ချက်

ဘာသာရေး ကိုင်းရှိုင်းသူ-ဘာသာရှိ သူတွေ က ဘာသာရေးကို အကောင်းမြင်ကြပေမဲ့ ဘာသာမဲ့သူတွေက တော့ ဘာသာရေး ကို အဆိုးမြင်ကြပါတယ်။ ဘာသာရေး တွေ ဟာ ထိန်းချုပ်မှု အာဏာတွေ ဖြစ်လို့ လူသား တစ်ဦးချင်းစီ ရဲ့ မွေးရာပါ လွတ်လပ်ခြင်း နဲ့ ဆန့်ကျင်တယ်လို့မြင်ပါတယ်။ လူဟာ လွတ်လပ်စွာ မွေးဖွားခဲ့ရပေမဲ့ ယဉ်ကျေးမှုစံနစ်တွေထဲ မှာ ဘာသာရေး ရဲ့ ကျွန်ပြုခြင်း ကိုခံရတယ်။ ခလေး ရဲ့ လတ်ဆတ် သစ်လွင်တဲ့ ဦးနှောက်ဟာ နှစ်ပရိစ္ဆေဒ ကြာမြင့်နေတဲ့ သမိုင်းတစ်လျှောက် က လူ့ အစွဲအလန်းတွေ သွတ်သွင်းတာ ကို ခံ ရတယ် အရောင်ဆိုးတာ ကို ခံရတယ်။လူသားရဲ့ ပကတိ သဘာဝအသိအမြင် ရဲ့ နေရာမှာ ဘာသာရေးအစွဲတွေရဲ့ အမြင်နဲ့ အစားထိုးခံရတယ်။ လူကိုလူလို့ မမြင်တော့ပဲ ဘာသာတူ ဘာသာကွဲ အဖြစ်မြင်တယ်။ သဘာဝကို သဘာဝအတိုင်းမမြင်တော့ပဲ ဘာသာရေးတန်ဖိုးတွေ နဲ့ ဖြတ်ပြီး တော့ အကောင်း အဆိုး အယုတ် အမြတ် ခွဲပြီး မြင်ချင်ရာမြင်တော့တယ်။ ဒီ အခါမှာ လူ ဟာ လူ့သဘာဝ နဲ့ လူပီသမှု ကို ဆုံးပြီ လို့ ဘာသာမဲ့တွေ က ယူဆပါတယ်။



ဘာသာမဲ့တွေ ရဲ့ အမြင်အရ ဆိုရင် လူဟာ လူလိုကျင့်နိုင်ရင် ကိုယ်ချင်းစာတရားနဲ့ ဥပဒေလိုက်နာမှု ရှိရင် ကိုယ်ကျင့် တရား အတွက် ဘာသာရေး မလိုအပ်ဘူး လို့ ဆိုတယ်။လူသားရဲ့ စိတ်ငြိမ်းချမ်းမှု ဆိုတာ လဲ ဘ၀ ကို အသင့်အလျှော် ရှုမြင် နိုင်တဲ့ ဘ၀ဒဿနအမြင်တစ်ခု ရှိရင် လူဟာ လောကဓမ် ကို လဲ ခံနိုင်မယ် စိတ်အေးချမ်းမှု လဲ ရနိုင်တယ်လို့ ဆိုပါ တယ်။ ဒါတွေ ရရှိဖို့ အတွက် မမြင်ရတဲ့ နတ်ဒေ၀တာ တွေ ဖန်ဆင်းရှင်ဘုရားတွေ ရှေ့ဘ၀နောက်ဘ၀ ယုံကြည်မှု တွေ မလို အပ်ဘူး လို့ ဆိုပါတယ်။လူမှာ ဗီဇပါ အဖွဲ့အစည်းစိတ်ဓါတ်ရှိတာမို့ ဒီ စိတ်ကို အခြေခံပြီး လူမှုပဋိညာဉ်တွေ နဲ့ သာယာတဲ့ လူဘောင်လောက တစ်ခုကို ဘာသာရေး အကူအညီ မပါပဲ နဲ့ တည်ဆောက်နိုင်တယ် လို့လဲ ယူဆပါတယ်။



ဘာသာမဲ့တွေ ရဲ့ အမြင်မှာ တော့ ဘာသာရေးတွေ ဟာ ကောင်းကျိုးထက်ဆိုးကျိုး ကို ပို ဖြစ်စေနေတာ ထင်ရှားပါတယ်။ လောက မှာ ဘာသာအယူဝါဒ မတူညီမှုတွေ ကြောင့် ရန်သတ္တရုတွေ ပြုကြ စစ်မက်တွေ ဖြစ်ပွားကြ နဲ့ လောက ကြီး ရဲ့ မငြိမ်းချမ်းမှု ကို ဘာသာရေး က ဖြစ်စေတယ်။ လူ့ဘောင်အဖွဲ့အစည်းတစ်ခုမှာ တစ်မြေတည်းနေ တစ်ရေတည်းသောက် တဲ့ သူတွေ တောင် ဘာသာအယူဝါဒ မတူညီမှုတွေ ကြောင့် အဓိကရုဏ်းတွေ အနိုင်ကျင့်သတ်ဖြတ်မှုတွေ ဖြစ်ပွားရတယ် ဆိုတာ ကြည့် ရင် ဘာသာရေးယုံကြည်မှုတွေ ဟာ ရှုပ်ထွေးတဲ့ လူမှုပဋိပက္ခတွေ ကို ဆောင်ကြဉ်းလာတတ်တာတွေ့ ရပါတယ်လို့ ဆိုပါတယ်။



နောက်တစ်ချက် က ဘာသာတရားတွေ ဟာ လူမှုရေးမညီမျှမှုတွေ ကို ဘာသာရေးဆိုင်ရာ ဖြေသိမ့်မှုတွေ နဲ့ အဖြေမှား တွေ ပေးပြီးတော့ တည်ဆဲ လူနေမှုစနစ် ကို အကာအကွယ်ပေးထားတတ်ကြပါတယ်။ လောက မှာ ဖြစ်နေတဲ့ မတရားမှု တွေ လူသားတွေ ရဲ့ ဆုံးရှုံးနစ်နာ မှုတွေ ကို မမြင်ရတဲ့ သဘာဝလွန်ဖြေရှင်းချက်တွေ နဲ့ ချွေးသိပ်စေတယ် ဆိုတော့ ဘာသာရေး ဟာ အမြဲတမ်း အနိုင်ရသူတွေ အာဏာရှိသူတွေ အထက်စီးနေရသူတွေ ဖက်က ပဲ ရှေ့နေလိုက် ပေးနေသလို ဖြစ်လို့ လောက ရဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ တရားမျှတမှုတွေ မဖြစ်ပေါ်လာစေအောင် အဟန့်အတား ဖြစ်နေစေတယ်လို့ ဆိုကြပါတယ်။



နောက်ဆုံးအချက် အနေနဲ့ ဘာသာရေး ဟာ လူသားအသိဥာဏ်ပညာရဲ့တိုးတက်မှု ကို တားမြစ်ပိတ်ပင်နေပါတယ် လို့ ဘာသာမဲ့တွေ က မြင်ပါတယ်။ ဘာသာတရားတွေ ဟာ သဘာဝလောကဓါတ်ကြီး နဲ့ ပတ်သက်ရင် တောင် မိမိတို့ ဘာသာရေး ကျမ်းစာတွေ က ဖေါ်ပြချက်တွေ ဟာ အမြဲမှန်ထာဝရမှန်ကန်နေတဲ့ အဆိုဝါဒတွေ အဖြစ် ယူဆကြတယ်။ သိပ္ပံပညာပေါ်ပေါက်လာတဲ့ အခါ သဘာဝလောကဓါတ်ကြီး နဲ့ ပတ်သက်တဲ့ နိယာမတရားတွေ ကို လေ့လာစူးစမ်းရင်း တွေ့ရှိလာကြတယ်။ အထပ်ထပ်စစ်ဆေးလို့ ခိုင်ခံ့တဲ့ သီအိုရီတွေ ထုတ်လာကြတယ်။ ဒီလို တွေ့ရှိလာတဲ့ သိပ္ပံပညာ ဆိုင်ရာ တွေ့ရှိချက်တွေ ဟာ ဘာသာရေး ကျမ်းစာတွေ က ဖေါ်ပြချက်တွေ နဲ့ ကွဲလွဲနေတာ အမှန်ပါပဲ။ ဒီအခါ ဘာသာရှိ သူတွေ အတွက် အခက်ကြုံရတယ်။ မိမိ ငယ်စဉ်ကတည်းက သည်းလှိုက်အူလှိုက် ယုံကြည်ခဲ့ရတဲ့ ဘာသာရေး သင်ကြားမှု တွေ ကို ပဲ လက်ခံမလား ခေတ်မီသိပ္ပံပညာရဲ့ တွေ့ရှိချက်တွေ ကို ပဲ လက်ခံမလား လို့ စဉ်းစားစရာ ဖြစ်လာ တော့တယ်။



တစ်ချို့ ဘာသာရှိသူတွေကတော့ သိပ္ပံ ရဲ့ အမှန်တရား ကိုလက်ခံပြီးတော့ မိမိရဲ့ ဘာသာရေး ယုံကြည်မှု ကို သိပ္ပံနဲ့ လိုက်လျှော ညီထွေ ဖြစ်အောင် ပြောင်းလဲ အနက်ဖွင့်ဖို့ကြိုးစားကြတယ်။ တစ်ချို့ကျတော့ မိမိရဲ့ ဘာသာရေး ယုံကြည်မှု ကို ပဲ မျက်စိမှိတ် အသေဆုပ်ကိုင်ပြီးတော့ ခေတ်မီသိပ္ပံပညာရဲ့ တွေ့ရှိချက်တွေကို ဗလောင်းဗလဲ နဲ့ မတည်မငြိမ် ပဲ ပြောင်းလဲ တတ်တာတွေ ဆိုပြီး ပစ်ပယ် လိုက်ကြပါတယ်။ ဘာသာရှိသူတွေထဲ က အနည်းငယ်လောက်ပဲ ခေတ်မီသိပ္ပံ ပညာရဲ့ တွေ့ရှိချက်တွေ ကို ရဲရဲရင့်ရင့်လက်ခံကြတာရှိပါတယ်။



တကယ်လို့ သိပ္ပံကို ပစ်ပယ်ချင်တဲ့ အုပ်စုဟာ ဘာသာရေး အင်စတီကျူးရှင်းတွေ မှာ ဦးဆောင်မှုနေရာ ယူလာရင်တော့ ဒီဘာသာတရား ဟာ လူ့အသိပညာတိုးတက်မှုရေစီး ကို ကန့်လန့်တိုက်တဲ့ အနေအထား ကို ရောက်ရှိသွားတတ်ပါတယ်။ ဘာသာတရားတွေ ရဲ့ သမိုင်းမှာလဲ ခေတ်မီသိပ္ပံပညာရဲ့ တွေ့ရှိချက်တွေကို အာဏာအမာ သုံးပြီး နှိပ်ကွပ် သတ်ဖြတ် ခဲ့တာတွေ အထင်အရှားရှိခဲ့ပါတယ်။ အခုအထိ ကို ခေတ်မီသိပ္ပံပညာ အံ့ဘနန်းတိုးတက်နေတဲ့ နိုင်ငံကြီးတွေ မှာ ဒီ လို အားပြိုင်လွန်ဆွဲမှု က ရှိနေသေးပဲ ဆိုတာ တွေ့နေရပါတယ်။ ဒီလို အမြင်ရှိတဲ့ ဘာသာမဲ့သူတွေ အတွက် က တော့ လူ့ အသိအမြင်တွေ တိုးတက်ကျယ်ပြန့်လာလေလေ ဘာသာရေးလွှမ်းမိုးမှုဟာ ဆုတ်ယုတ်တိမ်ကောပြီးနောက်ဆုံး ပျောက်ကွယ် သွားလေလေ ပဲ ဖြစ်မယ်လို့ ယူဆကြပါတယ်။



ဆွေးနွေးပွဲအတွင်း ဘာသာလွတ်သူ ၀င်ရောက်လာခြင်း

ဘာသာရှိတွေ နဲ့ ဘာသာမဲ့တွေ ရဲ့ တိုက်ပွဲက ပြင်းထန်နေဆဲပါပဲ။ ကမ္ဘာဇာတ်ခုံပေါ်မှာတောင် မပြီးနိုင်မပြတ်နိုင် ဖြစ်နေ ပါသေးတယ်။မြန်မာအွန်လိုင်းလောက မှာ တော့ ဆိုဖွယ်ရာမရှိပေါ့။ ဘာသာရှိသူတွေ ဆွဲကိုင်တဲ့ ဆင်ခြေက တော့ ဘာသာမဲ့သူတွေ ဟာ လုံလောက်တဲ့ယုံကြည်မှု ကျင့်ကြံအားထုတ်မှု ရှိရင် ဘာသာရေးရဲ့ အမှန်တရားတွေ ကို မျက်ဝါး ထင်ထင်မြင်ရမယ်ပေါ့။ ဘာသာရေးရဲ့ အမှန်တရားတွေ ကို မမြင်ရသေးတာ ဒီ အမှန်တရားတွေက တကယ်မရှိ လို့ မဟုတ်ပဲ ဘာသာမဲ့သူတွေ ဖက်က လိုအပ်ချက်တွေ ရှိနေလို့သာ မမြင်ရတာ ဖြစ်တယ်လို့ တစ်ထစ်ချပြောဆိုကြ ပါတယ်။ ဘာသာမဲ့တွေ ဆွဲကိုင်တဲ့ ဆင်ခြေက တော့ ဘာသာရှိသူတွေ ဟာ လုံလောက်တဲ့ ရဲစွမ်းသတ္တိ နဲ့ တွေးတော ဆင်ခြင်နိုင် စွမ်း မရှိကြလို့ အစဉ်အလာဘာသာရေးယဉ်ကျေးမှုတွေ ရဲ့ ပုံသွင်းလွှမ်းမိုးတာတွေ ကို ခံခဲ့ ကြရလို့သာပကတိ အမှန်တရား ကို မမြင်ရတာ ဖြစ်တယ်လို့ တစ်ထစ်ချ ပြောဆိုကြပါတယ်။ ဒီလို နဲ့ ပဲ အပြန်အလှန် ဆင်ခြေတင် စောဒကတက်တာ တွေ က မီးခိုးမဆုံး မိုးမဆုံး ဖြစ်နေရပါတယ်။



တကယ်ပဲ လူတစ်ယောက်မှာ ရွေးချယ်စရာ က ဘာသာရှိ အဖြစ်နဲ့ ဘာသာမဲ့ အဖြစ် နှစ်မျိုးပဲ ရှိသလား။ စာရေးသူ တို့ ငယ်စဉ်ကာလတုန်းကတော့ ဘာသာမဲ့ အဖြစ်ဆိုတာတောင် ရွေးချယ်ခွင့်မရှိသလိုပါပဲ။ လူမှန်ရင် ဘာသာတစ်ခုခု ရှိကို ရှိရမယ် ဆိုတဲ့ သတ်မှတ်ချက်ကို ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းက အသေဆုပ်ကိုင်ထားပါတယ်။ ဒီနေ့ခေတ်ကာလ ကတော့ အရင်ထက်စာရင် လူတွေရဲ့ ပုဂ္ဂလိကယုံကြည်မှုတွေ ကို ပိုမိုလွတ်လပ်ခွင့်ပေးလာလို့ ဘာသာမဲ့ ရပ်တည်သူတွေ လည်း ရှိလာပါပြီ။ ဒါပေမဲ့ ဘာသာမဲ့တွေ ရဲ့ တရားဝင်ရပ်တည်မှု ရရှိအောင်တော့ ကာလအတော်ကြာအောင်စောင့်ရလိမ့် ဦးမယ်လို့ ယူဆပါတယ်။



မိမိ ရဲ့ ကိုယ်ပိုင်အမြင် ကို ပြောရရင်တော့ ရွေးချယ်စရာက ဘာသာရှိ အဖြစ်နဲ့ ဘာသာမဲ့ အဖြစ် နှစ်မျိုးအပြင် နောက်ထပ် တစ်မျိုးရှိသေးတယ်လို့ မြင်ပါတယ်။ ဘာသာရှိခြင်း က ပထမလမ်း ဘာသာမဲ့ခြင်း က ဒုတိယလမ်းဆိုရင် တတိယလမ်းက ဘာ ဖြစ်မလဲ။ တတိယလမ်း ကတော့ ဘာသာစွဲမရှိတဲ့ ဘာသာလွတ်သူ (Religious Free Thinker) ရဲ့ လမ်း ဖြစ်မယ် ထင်ပါတယ်။ ဘာသာလွတ်သူရဲ့ရပ်တည်မှုကတော့ ထူးခြားတဲ့ အနေအထား ဖြစ်တယ်လို့ထင်ပါတယ်။ဘာသာလွတ်သူ ရဲ့ ခံယူချက်တွေထဲက အချို့ဟာ ဘာသာရှိသူတွေ နဲ့ တူနေမယ် အချို့တွေကတော့ ဘာသာမဲ့သူတွေ နဲ့ ဆင်ဆင်တူ နေမယ်။ နောက်ပြီးတော့ ဘာသာရှိသူရော ဘာသာမဲ့သူ မှာ ပါ မရှိတဲ့ သီးခြားသဘောဆောင်တဲ့ ခံယူချက်တွေလဲ ဘာသာလွတ်သူတွေ မှာ ရှိနေတယ် ဆိုတာတွေ့ရတယ်။ ဘာသာလွတ်သူ ဟာ ငယ်စဉ်က ဘာသာရှိသူ ဖြစ်ခဲ့မယ်။ ကြီးပြင်းလာတဲ့ အခါ ဘာသာမဲ့သူ အဖြစ်ကိုလဲ ရောက်ချင်ရောက်ခဲ့ဖူးမှာပဲ။ ဘာသာရှိခြင်း နဲ့ ဘာသာမဲ့ခြင်း ရဲ့ ကောင်းကျိုး ဆိုးပြစ် တွေ ကို ကိုယ်တိုင်မြင်တွေ့ခံစားလာရပြီးမှ ဘာသာလွတ်သူ အဖြစ်ကို ရောက်ရှိလာခဲ့တာ ဖြစ်တယ်။



ဘာသာလွတ်သူတွေ မှာ ရှိနေတဲ့ ဘာသာရေးနဲ့ဆိုင်တဲ့ ခံယူချက်တွေ ကို အနှစ်ချကြည့်ရင် အောက်ပါအတိုင်း တွေ့ရ တယ်။



(၁) နာမ်ဝိညာဉ်ပိုင်းဆိုင်ရာ ပမာဏ (Transcendental/Spiritual Dimension) ဟာ လူသားဘ၀ဖြစ်တည်မှု ရဲ့ မရှိမဖြစ် အရေးပါတဲ့ အစိတ်အပိုင်းလို့ ခံယူတယ်။ အမြင့်မားဆုံးလောကုတ္တရာသစ္စာတရား ရှိတယ်လို့ မြင်ပါတယ်။ ဒီအမြင့်မားဆုံး လောကုတ္တရာ သစ္စာတရား ကို လူသား ဟာ မျက်မှောက်ပြု ထိတွေ့သိမြင်နိုင်တယ် လို့ လဲ မြင်ပါတယ်။



(၂) ဒီ အမြင့်မားဆုံးလောကုတ္တရာ သစ္စာတရား ဟာ ဘာသာစကား ပညတ်စံနစ်တွေ ကို လွန်နေတာကြောင့် သစ္စာတရား ကို တစ်စုံတစ်ခုသော ဘာသာရေး အင်စတီကျူးရှင်း-ဂိုဏ်းဂဏ တစ်ခုခု က ယတိပြတ် အကြွင်းမဲ့ ပိုင်ဆိုင်တယ် ဆိုတာ ကို ငြင်းပယ် ပါတယ်။ (ဒီ အချက်က ဘာသာရှိသူတွေ နဲ့ အဓိက ကွဲပြားချက် ပဲ ဖြစ်တယ်)



(၃) တစ်ဆက်တည်း အားဖြင့် ဘာသာလွတ်သူတွေဟာ ဘာသာရေး အင်စတီကျူးရှင်း-ဂိုဏ်းဂဏ တစ်ခုခု ရဲ့ အကြွင်းမဲ့ ဆုံးဖြတ်ခွင့်အာဏာ ကို လဲ ငြင်းပယ်ပါတယ်။ ဘာသာလွတ်သူတွေ ကို ဘယ်ဘာသာဝင်ဖြစ်ပါတယ်လို့ ယေဘုယျပြောလို့ ရပေမဲ့ ဘာသာတရား ကို အနက်ဖွင့်ရာမှာ ဘာသာလွတ်သူဟာ မိမိ ကိုယ်ကို အပြည့်အ၀တာဝန်ယူဖွင့်ဆို သူ ဖြစ်ပါတယ်။



(၄) အမြင့်မားဆုံးလောကုတ္တရာသစ္စာတရားဟာ အဆင့်မြင့်ဘာသာတရားကြီးတွေအားလုံးမှာ အသွင်အမျိုးမျိုး အကန့်အသတ် အမျိုးမျိုး နဲ့ ဖေါ်ဆောင်တည်ရှိနေနိုင်ခွင့် ကို အလေးအနက်ယုံကြည်ပါတယ်။ ဓမ္မတရား အသီးသီး ရဲ့ ကွဲပြားခြားနားသော ပန်းတိုင်များ တည်ရှိနေမှု ကို လက်ခံပါတယ်။



(၅) တစ်ဆက်တည်း အားဖြင့် ဘာသာလွတ်သူတွေဟာ အမြင့်မားဆုံးလောကုတ္တရာ သစ္စာတရားထံ ကို ချဉ်းကပ်ရောက်ရှိ နိုင်တဲ့ နည်းလမ်းတွေ လည်း များစွာ ရှိနိုင်တယ်ဆိုတဲ့ အချက်ကို လက်ခံသူတွေ ဖြစ်ပါတယ်။



(၆) ဘာသာလွတ်သူတွေဟာ ဓမ္မတရား အသီးသီးတွေ ရဲ့ မတူကွဲပြား ခြားနားမှုကို လက်ခံတဲ့ အပြင် ဓမ္မတရား တစ်ခုစီ ရဲ့ ဘောင်ထဲမှာလဲ မတူကွဲပြား ခြားနားတဲ့ အနက်ဖွင့်ဆိုချက်တွေ ရှိနေတာ ဖြစ်သင့်တဲ့ သဘာဝကျတဲ့ အရာဖြစ်တယ် ဆိုတာ ကို လက်ခံပါတယ်။



(၇) ဘာသာလွတ်သူတွေဟာ မိမိ စရိုက်သဘာဝ နဲ့ကိုက်ညီတဲ့ ဓမ္မတရားတစ်ခုခုကို အခြေခံထား ကျင့်သုံးဆောက်တည် သော်လည်း အခြား အခြားသော မိမိ နဲ့ အလျှော်ဖြစ်တဲ့ ဓမ္မတရားတွေ ရဲ့ သွန်သင်ချက်တွေ ကိုလဲ ဝေဖန်ဆန်းစစ် ကာ လက်ခံ ကျင့်သုံးခြင်း ပြုနိုင်သူတွေ ဖြစ်ပါတယ်။



(၈) ဘာသာလွတ်သူတွေဟာ အခြားသော ဓမ္မတရားတွေ အပေါ်သာမက ဒဿနပညာ သိပ္ပံပညာ အနုပညာ လူမှုသိပ္ပံ ပညာ စသော ဘာသာရပ်ဆိုင်ရာ နယ်ပယ်အသီးသီးရဲ့ ကြိုးစားအားထုတ်လေ့လာတွေ့ရှိချက်များ ကို လဲ ပွင့်လင်း တက်ကြွသော အမြင် အစွဲလွတ်သော စိတ်ထားနဲ့ ဝေဖန်ဆန်းစစ် ကာ လက်ခံ ကျင့်သုံးခြင်း ပြုနိုင်သူတွေ ဖြစ်ပါတယ်။



ဘာသာရေး အပေါ် ဘာသာလွတ်သူ ရဲ့ အမြင်

ဒီ အချက်တွေ ကို ကြည့်ရင် ဘာသာလွတ်သူ ဆိုတာ ဘာသာရေး အစဉ်အလာ တစ်ခုခု ကို ပဲ ဘောင်ခတ် မစွဲလန်းသူ ဘာသာရေးအင်စတီကျူးရှင်းများ နဲ့ လွတ်ကင်းစွာ ရပ်တည်နေသူ ဖြစ်ပေမဲ့ ဘာသာမဲ့သူလို ဘာသာရေးဆိုင်ရာပန်းတိုင် ကျင့်စဉ် နဲ့ အမှန်တရားတွေ ကို ပစ်ပယ်သူတွေ မဟုတ်တာ ကို တွေ့ရပါတယ်။ ဒေါင်းငှက်တွေဟာ ရေသောက် တဲ့ အခါ မှာ အဆိပ်အတောက် ကို ဖယ်ရှားပြီးတော့ သန့်စင်တဲ့ ရေ ကို ခွဲထုတ်ပြီးသောက်နိုင်သလိုပဲ ဘာသာလွတ်သူ ဟာ ဘာသာရေး အစဉ်အလာ တွေ မှာ ရှိနေတဲ့ တရားသေ၀ါဒ အဆိပ်အတောက်တွေ ကို ဖယ်ရှားပြီး မိမိ ရဲ့ ဓမ္မခရီး အတွက် အသုံးဝင်မဲ့ လက်တွေ့အကျိုးရှိမဲ့ သွန်သင်ချက်တွေ တရားဓမ္မတွေ ကို ထုတ်ယူ ကျင့်သုံးနိုင်သူ ဖြစ်ပါတယ်။



ဘာသာလွတ်သူ ဟာ ဘာသာရေးအစဉ်အလာ များကို ဘောင်ခတ် မစွဲလန်းသူ ဖြစ်ပေမဲ့ ဘာသာရေးအစဉ်အလာ များကို တန်ဖိုးရှိတဲ့ လောကရတနာများ အဖြစ်မြင်ပါတယ်။ ဘာသာရှိသူ ဘာသာစွဲသန်သူတွေ ဟာ မြေထိန်းနံရံကြီးတွေ နဲ့ အလား သဏ္ဍာန်တူပါတယ်။ ဘာသာရှိသူ ဘာသာစွဲသန်သူတွေ ရဲ့ နှစ်နှစ်ကာကာ ကြိုးပမ်းအားထုတ်မှု ဆိုတာတွေ မရှိခဲ့ရင် တန်ဖိုးရှိတဲ့ လောကရတနာများ ဖြစ်ကြတဲ့ ဘာသာရေးအစဉ်အလာတွေ ဟာ အချိန်ရေစီး နဲ့အတူ ပျောက်ကွယ်ဆုံးရှုံး သွားမှာ ဖြစ်လို့ ပါပဲ။ ဒီအတွက်တော့ ဘာသာရှိသူ ဘာသာစွဲသန်သူတွေ အားလုံးရဲ့ ကြိုးပမ်းမှုတွေ ကို ဘာသာလွတ်သူ က ကျေးဇူးတင်စွာ နဲ့ လေးစားဦးညွှတ်နေပါတယ်။



ဒီလိုဆိုရင် ဘာသာလွတ်သူ တစ်ယောက်ဖြစ်ဖို့ ဘာတွေ လိုအပ်သလဲ။ ဘာသာမဲ့သူ တစ်ယောက်လိုပဲ ဘာသာရေး အင်စတီကျူးရှင်းများ နဲ့ လွတ်ကင်းစွာ ရပ်တည်ရဲတဲ့သူ ဖြစ်ဖို့လိုအပ်ပါတယ်။ ဓမ္မကို ရှာဖွေ ရာမှာ လွတ်လပ်ပွင့်လင်းတဲ့ သဘောထားအမြင် ရိုးသားဖြောင့်မတ်တဲ့ စိတ်ထား တွေ လဲ လိုအပ်ပါတယ်။ အသိပညာကိုရှာဖွေ ရာမှာ အင်္ဂလိပ်ဘာသာ စကား ဟာ ဓမ္မတရားပေါင်းစုံ ဒဿနပညာ သိပ္ပံပညာ အနုပညာ လူမှုသိပ္ပံပညာ စသော ဘာသာရပ် ပေါင်းစုံ ပွင့်လန်းရာ ဥယျာဉ်သာ ကြီးလိုပဲ ဖြစ်လို့ အင်္ဂလိပ်ဘာသာစကား ကို လဲ နက်နက်နဲနဲ ဖတ်ရှု လေ့လာနိုင်ဖို့လဲ လိုပါလိမ့်မယ်။ ဒါအပြင် မိမိ ကျင့်သုံးအားထုတ်သော ဓမ္မတရား နဲ့ဆိုင်တဲ့ ဘာသာစကားတွေ ကို လဲ သိမှတ်နားလည်နိုင်ဖို့လဲ လိုပါလိမ့်မယ်။ မိမိ ကိုယ်ပိုင် ဝေဖန်ဆုံးဖြတ်နိုင်ဖို့ အတွက် ဝေဖန်ဆန်းစစ်တွေးခေါ်နိုင်စွမ်း (Critical Thinking Skill) လဲ လိုပါလိမ့်မယ်။



ဒါဆိုရင် မေးစရာ တစ်ခုရှိတယ်။ ဘာသာရှိသူတွေ လဲ အလွယ်ရောက်နိုင်တဲ့ ခရီးတစ်ခုကို ဘာသာလွတ်သူ က ဘာလို့ ခက်ခက်ခဲခဲ သွားဖို့ ကြိုးစားနေရတာလဲ ဆိုတဲ့ မေးခွန်းပါပဲ။ ဒီမေးခွန်းအတွက် အဖြေက သုံးပိုင်း ရှိတယ်။



ပထမပိုင်း အဖြေ ကတော့ ဘာသာလွတ်သူတွေ ဟာ ဘာသာရှိသူတွေ ထက်စာရင် ကိုယ်ရည်ကိုယ်သွေးပြင်းထန်သူတွေ တစ်သီးတစ်သန့် ဖြစ်သူတွေ သူတစ်ပါးကို မယုံတတ်သူတွေ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဘာသာရေး အင်စတီကျူးရှင်း တွေ ဟာ နှစ်ထောင်ချီတဲ့ ဓမ္မရတနာတွေ ကို သယ်ဆောင်လာတာ ဖြစ်သလို ဒီအထဲ မှာ မိမိ ဓမ္မခရီး အတွက် မလိုအပ်တဲ့ အမှိုက်သရိုက်တွေ လဲ ပါနေနိုင်ပါတယ်။ ဓမ္မတရား တစ်ရပ် ကို မျက်စိစုံမှိတ် လက်ခံတာထက် အသေအချော စိစစ်ရွေးချယ် ကျင့်သုံးအပ်တယ်လို့ ဘာသာလွတ်သူတွေ ကခံယူပါတယ်။



ဘာသာတရားအသီသီး ဟာ ပဒေသရာဇ်ခေတ် ယဉ်ကျေးမှုနောက်ခံ မှာ ပေါ်ပေါက်လာခဲ့ကြတာ ဖြစ်သလို ခေတ်သစ် လောက ရဲ့ သိပ္ပံပညာ နဲ့ အခြားသော အဆင့်မြင့်ပညာရေးတွေ မထွန်းကားသေးခင်မှာ ပေါ်ပေါက်ခဲ့ကြတာ ဖြစ်တယ်။ ဒါကြောင့်မို့ ဘာသာတရားတွေ ရဲ့ အထည်ကိုယ် မှာ ဒီ ပဒေသရာဇ်ခေတ် ယဉ်ကျေးမှုနောက်ခံကာလက လူမှုရေး တန်ဖိုးတွေ ကိုယ်ကျင့်တရားတန်ဖိုးတွေ ကပ်ပါနေမှာ အမှန်ပါပဲ။ ခေတ်မမီတော့တဲ့ လောကအမြင် ဘ၀အမြင်တွေ လဲ ပါနေမှာပါပဲ။ ဘာသာလွတ်သူ ဟာ ဒါတွေ ကို စေ့ငုလေ့လာပြီးတော့ စွန့်ဖို့ လိုအပ်ရင် သံယောဇဉ်မထားပဲ မတွယ်တာပဲ လွတ်လွတ်ကျွတ်ကျွတ်ကြီး စွန့်ပစ်ရဲတဲ့ သူလဲ ဖြစ်ပါတယ်။ ဘာသာရှိသူ တစ်ယောက်က ဝေေ၀၀ါးဝါးနဲ့ ချီတုံချတုံ ဖြစ်နေမဲ့ ကိစ္စမျိုးတွေ မှာ ဘာသာလွတ်သူ က ရဲရင့်တဲ့ ခြေလှမ်း ကို လှမ်းမှာပါပဲ။



ဘာသာလွတ်သူ ရဲ့ အမြင်မှာ ဘာသာရေး ဟာ အသုံးချရမဲ့ ကိရိယာပဲ ဖြစ်တယ်။ စင်ပေါ်တင်ပြီးဖူးဖူးမှုတ်ထားရမဲ့ အရာမဟုတ်ဘူးလို့မြင်တယ်။ တစ်ဖက်ကမ်းကို ကူးဖို့လှေလို နံရံကို ကျော်တက်ဖို့ လှေကား လို ပဲ သုံးရမဲ့အရာ လို့မြင်ပါ တယ်။ အသုံးချရမဲ့ ကိရိယာ ဆိုတာ အသုံးကျဖို့လိုတယ် လက်တွေ့ကျကျ အကျိုးရှိဖို့လိုတယ်လို့ မြင်ပါတယ်။ ဘာသာရေးဟာ လူသား အကျိုးအတွက် တည်ရှိနေတာ ဖြစ်ပြီးတော့ လူဟာ ဘာသာရေး အကျိုးအတွက် တည်ရှိနေတာ မဟုတ်ဘူး လို့မြင်ပါတယ်။



ဒုတိယပိုင်း အဖြေ ကတော့ ဘာသာရှိသူတွေ ရဲ့ ဓမ္မခရီးဟာ Package Tour နဲ့တူပါတယ်။ အားလုံး က အစ မှ အဆုံး အတိအကျပြဋ္ဌာန်းသတ်မှတ်ထားပြီးဖြစ်လို့ အထူးတလည် လုပ်စရာမရှိပဲ ခေါ်တဲ့နောက်လိုက် ကျွေးတာစား ပြောပြတာ နားထောင် ဆိုတာမျိုး ပါပဲ။ ဘာသာလွတ်သူတွေ ရဲ့ ဓမ္မခရီးက Free Individual Tour နဲ့တူပါတယ်။ အတိအကျ ပြဋ္ဌာန်း သတ်မှတ်ထား တာ ဘာမှ မရှိပဲ မိမိ ဘာသာ တစ်ကိုယ်တော် စူးစမ်းရှာဖွေ သွားရတဲ့ အရသာ ရှိပါတယ်။ သစ္စာတရား ကို ရှုထောင့်အမျိုးမျိုးကနေ ရှာဖွေနေရတာကိုက ဓမ္မခရီးတစ်ခုရဲ့ အလှ ဖြစ်တယ်လို့ ဘာသာလွတ်သူ ကခံယူပါတယ်။



ဒီနေ့ ကမ္ဘာလောကကြီးဟာ တိုင်းပြည်နိုင်ငံပထ၀ီ နယ်နမိတ်တွေ ကျုံ့လို့ တစ်လောကလုံး ရွာကြီးတစ်ရွာလို ဖြစ်လာခဲ့ပါပြီ။ အင်တာနက် နဲ့ ဂြိုဟ်တု ဆက်သွယ်ရေး စံနစ်တွေ ကြောင့် ဘာသာတရားတွေ ယဉ်ကျေးမှုတွေ ဟာ အပြန်အလှန်မြင်ခွင့် လေ့လာခွင့် ရတဲ့ ကာလဖြစ်နေပါပြီ။ ဓမ္မတရားအသီးသီး က လဲ ဘူဖေးစားပွဲကြီးလို လူသားရဲ့ ရှေ့မှာ အဆင်သင့် ရှိနေ ခဲ့ပါပြီ။ ဒီလို အခြေအနေမှာ ပန်းဥယျာဉ်ထဲ က ပန်း မာလ် အမျိုးမျိုးရဲ့ ၀တ်ရည် ကို သောက်ယူနိုင်တဲ့ ပျားတို့ ပမာ ကျင့်ကြံသင့်တယ်လို့ ဘာသာလွတ်သူ က မြင်ပါတယ်။



ဓမ္မတရားတစ်ခု ဟာ ကိုယ်ပိုင် အရသာတစ်ခု စီနဲ့ စိတ်ဝိညာဏ် ကို အာဟာရ ဖြစ်စေပါတယ်။ ဓမ္မတရားတွေ ရဲ့ အသုံးဝင်မှု ဟာ အသုံးချတတ်သူ ရဲ့ ကျွမ်းကျင်လိမ္မာမှု အပေါ်ပဲတည်တယ်လို့ ဘာသာလွတ်သူ က မြင်ပါတယ်။ ဓမ္မတရားတွေ ရဲ့ မတူခြားနားကွဲပြားမှု ကို မြင်သလို့ ဓမ္မတရားတွေ ရဲ့ ယေဘုယျ ဆင်တူမှု သဘောတွေ ကို လဲ မြင်ပါတယ်။ ဘာသာလွတ် သူ ဟာ ဓမ္မတရားတွေ ကို ကြည့်တဲ့အခါ အပေါ်ယံခြားနားမှုတွေ အောက်က တရားကိုယ်သဘော ကိုပဲ ကြည့်ပြီး ဓမ္မကို သေသေချာချာ အနက်ထင်အောင် ဖွင့်ဆိုကျင့်သုံးသူ သာ ဖြစ်ပါတယ်။



တတိယပိုင်း အဖြေကတော့ ဘာသာလွတ်သူတို့ရဲ့ လမ်းဟာ ထောင်စုသစ်ရဲ့ ဓမ္မခရီးလမ်းအသစ်ဖြစ်တဲ့ ဘာသာရေး ဗဟုဝါဒ (Religious Pluralism) ကို ဖေါ်ဆောင်နေလို့ပါပဲ။ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးဆိုတာ မတူကွဲပြားတဲ့ ဗဟုသဘော ဆောင်တဲ့ ဘာသာရေးယဉ်ကျေးမှုအမွေအနှစ်တွေ တန်ဖိုးတူ စင်ပြိုင်ရပ်တည်နေနိုင်မှု ကို ၀မ်းမြောက်ကြိုဆို လက်ခံ ကျင့်သုံးနိုင်ခြင်း အပေါ်မှာ ပဲ အခြေခံလို့သာတည်ဆောက်နိုင်တယ် လို့ ဘာသာလွတ်သူတွေက စွဲမြဲစွာ ယုံကြည်ပါတယ်။



ဘာသာရေးယဉ်ကျေးမှုအမွေအနှစ်တွေ ဟာ လူမျိုးတစ်မျိုး ဒေသတစ်ခုနဲ့ တင် သက်ဆိုင်တာမဟုတ်ပဲ လူသားအနွယ် လူ့မိသားစု တစ်ခုလုံး ရဲ့ အမွေအနှစ်တွေ ဖြစ်တယ်လို့ ဘာသာလွတ်သူ က ခံယူတယ်။ အတိတ်ကာလတုန်းကတော့ ဘာသာတရားတွေ တစ်ခုနဲ့တစ်ခု ထိတွေ့ကြတဲ့အခါ တစ်ဖက်ကိုတစ်ဖက် က ယှဉ်ပြိုင်အနိုင်ယူ လိုခဲ့ကြတယ်။ မိမိ ရဲ့ ဘာသာတရား ကို ပဲ တစ်လောကလုံး ယုံကြည်ကိုးကွယ်စေချင်ခဲ့ကြတယ်။ ဒီ စိတ်သဘောထား ဟာ လောက ရဲ့ သာယာ ငြိမ်းချမ်းမှု ကို အန္တရာယ်ဖြစ်စေကြောင်းကို လူသားတွေ သိခဲ့ကြပါပြီ။



မျက်မှောက်ခေတ် ကာလ အတွက် အသင့်တော်ဆုံး နဲ့ အမှန်ကန်ဆုံး လောကရဲ့ ငြိမ်းချမ်းရေးနဲ့ အလျှော်အဖြစ်ဆုံး ဘာသာရေး ရပ်တည်ချက် ကတော့ ဘာသာရေး ဗဟုဝါဒ ရပ်တည်ချက်ပဲ ဖြစ်ပါတယ်။ ဘာသာတရားတွေ ဟာ ရင်းမြစ် အမျိုးမျိုးကနေ ပေါ်ထွက်လာခဲ့ကြတာ ဖြစ်လို့ မတူညီတဲ့ လမ်းစဉ်တွေ မတူညီတဲ့ ပန်းတိုင်တွေ ရှိနေကြတယ်ဆို တာ လေးနက်စွာ လက်ခံရမဲ့ အမှန်တရား ပဲ ဖြစ်ပါတယ်။ ဘာသာရေး ဗဟုဝါဒ ရဲ့ အမြင်အရ ဒီ ဘာသာရေးဗဟုသဘော ကို လက်ခံရုံ မက ဒီလို ဘာသာတရားတွေ ကွဲပြားခြားနား စွာနဲ့ တန်ဖိုးတူ ယှဉ်ပြိုင်ရပ်တည်မှု ဟာ လိုလားတောင့်တသင့်တဲ့ အခြေအနေဖြစ်တယ်ဆိုတာ ကို လက်ခံရမှာ ဖြစ်တယ် လို့ ဘာသာလွတ်သူ က ရှု မြင်သုံးသပ်ပါတယ်။အနာဂတ်ရာစုနှစ်တွေ မှာ ဘာသာလွတ်နည်းနဲ့ ဓမ္မခရီး ကို လျှောက်လှမ်းသူတွေ များသထက် များလာနိုင်လိမ့်မယ် ဒီလို များပြားတိုးတက်လာရင် ဘာသာရေးအစဉ်အလာ တွေ အချင်းချင်း အပြန်အလှန်နားလည်မှု လေးစားမှုတွေ တိုးတက်ဖြစ်ပွား လာပြီးတော့ ဘာသာရေး ဟာ လူဘောင်လောက တစ်ခုလုံး ကို ဥာဏ်ပညာ ချစ်ခြင်းမေတ္တာ နဲ့ ထုံမွမ်းစေလို့ ငြိမ်းအေးခြင်းရသ ကို အမှန်ပဲ ပေးစွမ်နိုင်မယ်လို့ ဘာသာလွတ်သူ က လေးနက်စွာ ခံယူပါကြောင်း တင်ပြအပ်ပါတယ်။

မှတ်ချက်။ ဖေ့ဘွတ်မှ ကိုဌေးဝင်းပို့ပေးခြင်းအား တဆင့်ရှယ်ယာ လုပ်ပါသည်။ခေါင်းစဉ်အား မိမိဆန္ဒအရ ပေးထားခြင်းသာဖြစ်ကြောင်းဝန်ခံအပ်သည်။

---
--
လေပြင်းတွေ လာခြွေလို့ သေမင်းဆီ ငါကြွေသွားရင်တောင် အ၀ါရည်ကို စုပ်ခဲ့တဲ့ နှုတ်ခမ်းနဲ့ မြာတွေကို နှုတ်ဆက်နမ်းခဲ့မယ်။
လွမ်းနေသူ®



ပွင့်ပွင့်လင်းလင်းဝန်ခံပါတယ်။ ဒီဆောင်းပါးဟာ ကျွန်တော်ရေးတာမဟုတ်ပါဘူး။ တဆင့်တဆင့်နဲ့ ကျွန်တော့်ဆီရောက်တာပါ။

                                             ရွှေ ကြယ် မိုး

No comments:

Post a Comment